Local News

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကျင်းပ

Last Updated:

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကျင်းပ

          မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)၌ ကျင်းပခဲ့သည်။

          အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်တွင် ပြောင်းသီးနှံအများဆုံး ထွက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ ပို့ဆောင်နိုင်သည်အတွက် နိုင်ငံ၏ဝင်ငွေတိုးပွားစေခြင်းဖြင့် ပြောင်း စိုက်တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ပြောင်းစိုက်ပျိုးမှုမှာ တနိုင်ငံလုံးစိုက်ပျိုးမှု၏ ၆၀ % ခန့်ရှိသဖြင့် အဓိက ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကောင်းသည့် သီးနှံများရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ မျိုးကောင်း မျိုးသန့်များရရှိရန်လိုအပ်သလို စိုက်ပျိုးမှုစနစ်သည်လည်း စနစ်ကျရန်အရေးကြီးသည်ကို တွေ့ရှိရ ကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများအနေဖြင့် ပြောင်း အသင်းဝင်များမှ အခြေခံပြီး ပြောင်းစိုက်တောင်သူတစ်ရပ်လုံး မျိုးကောင်းမျိုးသန့်ရရှိရေး အရည်အသွေးမှန်ကန်သည့် သွင်းအားစုဖြန့်ဖြူးသည့်လုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပြီး ပူးပေါင်းစေလိုကြောင်း၊ ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ဒေသများဖြစ်သည့် တရုတ်နိုင်ငံသို့ မူဆယ်၊ ချင်းရွှေဟော်ဒေသများ၊ ထိုင်းနိုင်ငံသို့ မြဝတီမြို့နှင့် တာချီလိတ်မြို့တို့မှ တင်ပို့တာကိုတွေ့ရှိရပြီး ယခုအခါ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးခံ၍ လာအို၊ ထိုင်းနှင့် မြန်မာ နယ်စပ်ဒေသ ဝမ်ပုံဆိပ်ကမ်း မှ တဆင့်လည်း လမ်းကြောင်းအသစ်အနေဖြင့် တင်ပို့နိုင်မှာဖြစ်ကြောင်း၊ ပြောင်းလုပ်ငန်းရှင်ကြီးများအနေဖြင့် ရှမ်းပြည်နယ်ရဲ့ အဓိကစိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ပြောင်းသီးနှံအပြင် ကော်ဖီ၊ လက်ဖက်၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံများကို ပြည်တွင်းရောင်းဝယ်မှုသာမက ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများအတွက် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်စေလိုကြောင်း ရင်းနှီးမြှုပ်နှံမှုများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကျေးဇူတင် စကားများ ပြောကြားပြီး မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းကိစ္စရပ်များ၊ ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေများကို စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့် အသင်းသားရေးရာ အစည်းအဝေးများကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ(၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Myantrade Shan -TGI

 

Category: Local News